My Blog List
Sunday, April 29, 2012
ရင့်ကျက်သောစိတ် (1-2)
လူ့ အဖွဲ့ အစည်းတခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့  နယူးယောက်စီးတီး တက္ကသိုလ်ရဲ့ ဒဿန ပါမောက္ခ ဟာရီအိုဗာစထရီ (Harry Overstreet ) က ကောက်ချက်ချပါတယ်။ အသက် အရွယ်ကြီး ပေမယ့် စိတ်ဓာတ်နဲ့ အသိ ဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တယောက် လိုပဲ ဖြစ်နေတဲ့ သူတွေကြောင့် လူ့ လောက ဟာ ဘေးအန္တရာယ်တွေ ၀ိုင်းနေရတယ်လို့  ဆိုလိုချင်ပုံ ရပါတယ်။ သည်လို ကလေးကလား နိုင်တဲ့ လူကြီးတွေအတွက် အခေါ် အဝေါ် တွေက မနည်းပါဘူး။ ကျပ်မပြည့်တဲ့သူတဲ့။ အသက်ကြီးပြီး အချိန်မစီးသူတဲ့။ မကျက်တကျက်ပေါင်မုန့် တဲ့။
လူကြီးတွေက ကလေးသူငယ်တွေမှာ မရှိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပါတယ်။ အမြင် သာ ဆုံးကတော့ ရုပ်ပိုင်ဆိုင်ရာ ခွန်အားပါ။ ကလေးငယ်တယောက် စိတ်ဆိုးတဲ့ အခါ ဖျက်လို ဖျက်ဆီးလုပ်တတ်သလိုမျိုး လူကြီးတယောက်က စိတ်ဆိုးမာန်ဆိုး ဖျက်ဆီးမယ်ဆိုရင် ပျက်စီးမှု ပမာဏအတိုင်းအတာဟာ ကလေး သူငယ်က လုပ်တာထက် အများကြီး ပိုကြီးမား ပါမယ်။ ဒါကြောင့် သူငယ်နာ မစင်တဲ့ လူကြီးတွေဟာ လောကအတွက် အလွန် အန္တရာယ်ကြီး တယ်လို့  ပြောနေကြ တာပါ။
လူတယောက်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သြဇာရှိတဲ့သူ ဖြစ်လာပါတယ်။ မိဘတယောက် ဖြစ်လာတယ်။ ဆရာတယောက် ဖြစ်လာတယ်။ အလုပ်ရှင် တယောက် ဖြစ်လာတယ်။ အလုပ်သမား ခေါင်းဆောင်တယောက် ဖြစ်လာတယ်။ အရာရှိ တယောက် ဖြစ်လာတယ်။ အကြီးအကဲ တယောက် ဖြစ်လာတယ်။ တစုံတယောက် အပေါ်မှာတော့ သြဇာရှိလာတာပါပဲ။ သြဇာ မရှိဘူးဆိုတဲ့ လူကြီးဆိုတာ ရှားပါတယ်။ ဒါကြောင့် လူကြီး တယောက်ရဲ့ စိတ်ဓာတ်ဟာ အသက်အရွယ်နဲ့ အညီ ဖွံ့ ဖြိုးရင့်ကျက်လာခြင်းမရှိဘဲ ကလေးသူငယ်အဆင့်မှာပဲ ရပ်တံ့နေမယ်ဆိုရင် သူ့ သြဇာအောက်မှာ ရှိတဲ့သူတွေ ဘယ်လောက် ဆင်းရဲကြမလဲ။
အသက်အရွယ်ကြီးလာတာနဲ့ အမျှ ပိုင်ဆိုင်မှုတွေ များလာပါတယ်။ လက်နက် အသုံး အဆောင်တွေ များပြားလာသလို မိတ်ဆွေသင်္ဂဟတွေ အသင်းအပင်းတွေ များပြား လာပါတယ်။ လူကြီးတယောက်ဟာ လက်နက် အသုံးအဆောင်တွေကို အသုံးပြုပြီး သူ့ ရဲ့ စွမ်းအားကို ချဲ့ ထွင်နိုင်သလို အသင်းအပင်းအဖွဲ့ အစည်းတွေမှာ ၀င်ရောက်ပြီး တယောက်တည်း မလုပ်နိုင်တဲ့ အလုပ်တွေကို စွမ်းဆောင်နိုင်ပါတယ်။ သည်လို စွမ်းအားရှိတဲ့ လူကြီး တယောက်က ကလေးသူငယ်စိတ်ဓာတ်လောက်နဲ့  ဦးဆောင်နေမယ်ဆိုရင် သူဖန်တီးမယ့် ဘေးအန္တရာယ်ဟာ အကန့်အသတ် ရှိမှာ မဟုတ်ပါ။
Subscribe to:
Posts (Atom)