My Blog List

Sunday, March 11, 2012

22 အရှုံးသမား ဆိုတာ ဘာလဲ




        တစ်ခါက . . .

      လူငယ်လေး တစ်ယောက်ဟာ ဖခင် ရဲ့ ညွှန်ကြားမှုကြောင့် ကုန်သည်ကြီး တစ်ယောက်ထံကို  စီးပွားရေး သဘောတရားများကို လေ့လာဖို့ သွားရောက် သင်ယူသတဲ့။ ထိုကုန်သည်ကြီးက စီးပွားရေး ကိစ္စမှာတင် အောင်မြင်နေတာ မဟုတ်ဘဲ လူမှုရေး လုပ်ငန်းများမှာလည်း အလွန် အောင်မြင်ပြီး ကျော်ကြားနေသူ ဖြစ်တယ်။ သူ့မှာ လုပ်ငန်းပေါင်း များစွာ ရှိပြီး အနယ်နယ် အရပ်ရပ်မှ ကုန်ပစ္စည်းများကို ဒိုင်အဖြစ် လက်ခံ ဝယ်ယူကာ တဆင့် ပြန်လည် ရောင်းချသလို ၊ နောင်တစ်ချိန် ဈေးတတ်လာနိုင်သော ကုန်ပစ္စည်းများကိုလည်း ခန့်မှန်း တွက်ချက်ကာ သိုလှောင်ထားလေ့ ရှိတယ်။ 

        လူငယ်လေး ရောက်သွားပြီး ကုန်သည်ကြီးဆီက စီးပွားရေး သဘောတရားများ ၊ စီးပွားရေး ခံယူချက် အမြင်များကို လေ့လာ သင်ယူနေခဲ့တယ်။ တစ်နေ့တော့ ကုန်သည်ကြီးက သူ့ရဲ့ ထုံးစံ အတိုင်း နောင်တစ်ချိန်မှာ ဈေးတတ်လာနိုင်သော ပစ္စည်းများ ၊ ဈေးကျလာနိုင်သော ပစ္စည်းများကို သူ့ရဲ့ အတွေ့အကြုံနဲ့ တွက်ချက်ပြီး ဘယ်ပစ္စည်းကိုတော့ သိုလှောင်သင့်တယ် ၊ ဘယ်ပစ္စည်းကိုတော့ မသိုလှောင် သင့်ဘူး လို့ ဆိုကာ ဆုံးဖြတ်ပြီး နောင်တစ်ချိန် ဈေးတတ်လာနိုင်တယ် လို့ ထင်တဲ့ ပစ္စည်းတချို့ကို သိုလှောင် ထားခဲ့တယ်။ 

        လူငယ်လေးကလည်း ကုန်သည်ကြီးရဲ့ အကဲဖြတ်ပုံ ၊ ခန့်မှန်း တွက်ချက်ပုံ ၊ အတွေ့အကြုံများကို သေချာ လေ့လာ သင်ယူမှတ်သား ထားခဲ့တယ်။ နာမည်ကြီး ကုန်သည်ကြီးလည်း ဖြစ် ၊ သူခန့်မှန်း တွက်ချက်ပြီး သိုလှောင်တဲ့ ပစ္စည်းတိုင်းကလည်း  ဈေးတတ်၍ အောင်မြင်ကာ အကျိုးအမြတ်များ ရရှိသောကြောင့် တခြားသော ကုန်သည်များကလည်း ကုန်သည်ကြီး ဘယ်ပစ္စည်းကို သိုလှောင်တယ် ဆိုတာကို အမြဲမပြတ် လေ့လာ စုံစမ်း နေခဲ့ကြတယ်။ အခုတော့ ကုန်သည်ကြီး ဒီပစ္စည်းကို သိုလှောင်နေတယ် ဆိုတာကို သိတာနဲ့ သူတို့လည်း ထိုပစ္စည်းများကို လိုက်လံ သိုလှောင်တယ်။


        ကုန်သည်ကြီး ထိုပစ္စည်းကို သိုလှောင်တယ် ကြားတာနဲ့ တခြားသော ကုန်သည်များလည်း လိုက်ပြီး သိုလှောင်ကြတဲ့ အတွက် ကုန်ပစ္စည်းတွေဟာ ခဏပြတ် သွားသလို ဖြစ်တာကြောင့် ထုတ်လုပ်သူတွေက ရောင်းအား ပိုကောင်းတယ် ထင်ကာ အဆက်မပြတ် ထုတ်လုပ်လာကြတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ထိုကုန်ပစ္စည်းတွေက အလွန်ပေါများ လာသလို ဖြစ်ပြီး ထိုကုန်ပစ္စည်းတွေဟာ ကုန်သည်ကြီး ခန့်မှန်းသလို ဈေးတွေ တတ်မလာတော့ဘဲ ဈေးတွေ ကျသထက် ကျလာခဲ့တယ်။ 

       ထိုကုန်ပစ္စည်း ဈေးနှုန်းတွေ ဘယ်လောက်တောင်မှ ကျလာသလဲ ဆိုရင် ကုန်သည်ကြီး ခန့်မှန်းထားသလို တတ်ရမဲ့ အချိန်မှာ တတ်မလာတဲ့ အပြင် သာမာန် ရောင်းဈေးထက်ကို ကျလာတယ်။ အားလုံးကလည်း အမြဲတမ်း ကုန်သည်ကြီး ခန့်မှန်း သိုလှောင်တိုင်း အမြတ်ကြီး မြတ်နေခဲ့ပြီး ဒီတစ်ခါ ဘာလို့ ကုန်ပစ္စည်းတွေ ဈေးနှုန်း ထိုးကျရတာလဲ ဆိုတာကို တွေးပြီး အံ့သြနေကြတယ်။ ကုန်ပစ္စည်း ဈေးနှုန်းတွေကလည်း ကျလာလိုက်တာ တစစ သိုလှောင်တုန်းက ဈေးနှုန်းကို ရောက်လာတဲ့ အထိ ဆက်လက် ကျနေဖို့ အနေအထားတွေက ပြနေသေးတယ်။

         ဒီတော့ ကုန်သည်ကြီး ပစ္စည်း သိုလှောင်လို့ လိုက်ပြီးတော့ သိုလှောင်သူတွေကလည်း ဆက်လက်ပြီး ဈေးတွေ ကျလာနိုင်တဲ့ အတွက် မမြတ်ချင်လည်း နေပါစေတော့ အရှုံးတော့ မခံနိုင်ဘူး ဆိုပြီး ဆက်လက် သိုလှောင် မထားတော့ဘဲ ကုန်ပစ္စည်းတွေကို ထိုးရောင်းတော့တယ်။ ဒီတော့ ဈေးကွက်ထဲမှာ ထုတ်လုပ်သူတွေရဲ့ ပစ္စည်းတွေရော ၊ သိုလှောင်ထား သူတွေရဲ့ ပစ္စည်းတွေပါ ထိပ်တိုက် ဆုံမိတဲ့ အတွက် ကုန်ပစ္စည်းတွေဟာ ပိုပြီးတော့ ပေါများနေခဲ့တယ်။ ကုန်ပစ္စည်းတွေ ပေါများနေတဲ့ အတွက် ဈေးနှုန်းတွေက ပို၍ ပို၍ ကျလာခဲ့တယ်။

       ကျလာတဲ့ ကုန်ပစ္စည်း တန်ဖိုးတွေက ပိုပြီး ပိုပြီး ကျလာတဲ့ အတွက် နောက်ဆုံးမှာ ကုန်ပစ္စည်းတွေဟာ မူရင်း သိုလှောင်ထားတဲ့ ဈေးနှုန်းထက်ကို ကျလာခဲ့တယ်။ ဒီအချိန်မှာတော့ အရင်က ဝယ်ဈေးနဲ့ တူနေတဲ့ အထိ ဆက်လက် သိုလှောင်ထားသူတို့လည်း အရှုံးခံကာ ဆက်လက် သိုလှောင် မထားတော့ဘဲ အရှုံးနည်းနေတဲ့ အချိန်မှာ ကုန်ပစ္စည်းများကို ထုတ်ရောင်းကြတယ်။ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေက ထုတ်လုပ်သူတွေ ၊ သိုလှောင်ထားသူတွေ ဆီက အပြိုင်ထွက်ကြတော့ ဈေးတွေကလည်း ကျသထက် ကျလာပြန်တယ်။ အားတင်းကာ သိုလှောင်ထားသူတွေလည်း ဆက်လက် အားမတင်း နိုင်တော့ဘဲ ပစ္စည်းများကို ထိုးရောင်းကြတော့တယ်။ 

        ဒီလို ကုန်ပစ္စည်းတွေကို တခြားသော ကုန်သည်တွေ ထိုးရောင်းချပေမဲ့ ကုန်သည်ကြီးကတော့ မူရင်း သိုလှောင်ဈေးထက် အဆမတန် ထိုးကျကာ အရှုံးကြီး ရှုံးနေသော်လည်း ပစ္စည်းများကို လုံးဝကို ထုတ်မရောင်းဘဲ အပြုံးမပျက် နေနေတယ်။ ကုန်သည်ကြီး ဆီမှာ စီးပွားရေး သဘောတရားတွေ လာရောက် သင်ယူ လေ့လာတဲ့ လူငယ်လေးက ကုန်သည်ကြီးကို ကြည့်ပြီး အလွန် အံ့သြနေခဲ့တယ်။ ကုန်သည်ကြီးကိုလည်း ကုန်ပစ္စည်းတွေ ဈေးနှုန်းကျနေတဲ့ အကြောင်း ၊ ဆက်ထားရင်လည်း ဆက်ကျကာ ပို၍ ရှုံးနိုင်တဲ့ အကြောင်းကို သတိပေးမိတယ်။

       ဦးကြီးခင်ဗျား ၊ အခု ဆိုရင် ဦးကြီး သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေက ဈေးကွက်ထဲမှာ ဦးကြီး ခန့်မှန်းထားသလို ရှားပါးပြီး ဈေးတတ်မလာဘဲ ၊ ဈေးနှုန်းတွေ အရမ်းကို ထိုးကျနေပါတယ်။ အခုဆိုရင် ဈေးနှုန်းတွေက မူရင်း ဝယ်ဈေးထက်ကို ကျနေတဲ့ အတွက် အရှုံးတောင်မှ ပေါ်နေပါပြီ။ ဒါကို ဆက်ပြီး သိုလှောင်ထားမယ် ဆိုရင် ကျဈေး မို့လို့ ထပ်ပြီးတော့ အရှုံးပေါ် နိုင်ပါတယ်။ ဒါကြောင့် အခု ဈေးနှုန်းနဲ့ ထုတ်ရောင်းမယ် ဆိုရင် မမြတ်သော်လည်း အရှုံးကြီး မရှုံးဘဲ အရှုံးနည်းနည်းနဲ့ သက်သာနိုင်ပါတယ် ဦးကြီး

       လူငယ်လေးက ကုန်သည်ကြီးကို ဒီလို ပြောတော့ ကုန်သည်ကြီးက သူ သိုလှောင်ထားသော ဂိုထောင်ကြီးကို တစ်ချက် လှမ်းကြည့်ပြီး  . . . . 

       အခု ဦးကြီး သိုလှောင်ထားတဲ့ ပစ္စည်းတွေ အရှုံးပေါ်နေပြီ လို့ ဆိုလိုတာလား တူမောင်

       လို့ ဘာမှ နားမလည်သလို ပြန်မေးတယ်။ ဒီတော့ လူငယ်လေးကလည်း လက်ရှိ ပေါက်ဈေးနဲ့ မူရင်း ဝယ်ဈေးကို တွက်ပြကာ တကယ်ကို အရှုံးပေါ်နေပြီ ဖြစ်ကြောင်း ထပ်ပြောတယ်။

        ဟုတ်ပါတယ် ဦးကြီး။ အခုဆိုရင် ကုန်ပစ္စည်းတွေ မူရင်းဈေးထက် ကျနေလို့ တော်တော် တောင်မှ ရှုံးနေပါပြီ။ ထပ်ထားလို့ ထပ်ကျမယ် ဆိုရင် ထပ်ပြီးတော့ ရှုံးဦးမှာပါပဲ။ ဒါကြောင့် အခု ဈေးနှုန်းနဲ့ ထုတ်ရောင်းလိုက်ရင် အရှုံးသက်သာ နိုင်ပါတယ် ဦးကြီး

       လူငယ်လေးက ဒီလို ပြောတော့ ကုန်သည်ကြီးက သူ့ရဲ့ နှုတ်ခမ်းမွှေးကို သပ်ရပ်စွာ ပွတ်သပ်ပြီး ပြောတယ်။ 

       ဦးကြီး သိုလှောင်ထားတဲ့ ပစ္စည်းတွေ အရှုံးပေါ်နေတယ် ဆိုတာ ဦးကြီး နားကို မလည်ဘူးကွယ်။ ဦးကြီး သိုလှောင်ထားတဲ့ ပစ္စည်းတွေ မရှုံးသေးပါဘူးကွဲ့

        လို့ ပြောကာ ထထွက်သွား တော့တယ်။ ဒီတော့ လူငယ်လေးလည်း အလွန်ကို စိတ်ပျက်သွားတယ်။ သူ့ကို စီးပွားရေး ပညာရပ်များ လေ့လာဖို့ လွှတ်လိုက်တဲ့ သူ့ရဲ့ ဖခင်လည်း မှားပြီလို့ တွေးလိုက်မိတယ်။ လူငယ်လေး စိတ်ပျက်ပြီး ဖခင်ဆီကို ပြန်လာကာ သူ့ဖခင်ကို ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ ဒီတော့ သူ့ဖခင်က . . . 

       သူပြောတာ ဘာကြောင့် ပြောတာလဲ ဆိုတာတော့ အကြောင်း ရှိမှာပေါ့ ငါ့သား။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကုန်သည်ကြီးဆီမှာ ဆက်ပြီးတော့ လေ့လာ သင်ယူပါဦး။ သူ နာမည်ကြီး ကျော်ကြားတယ် ဆိုတာ ဘာကြောင့်လဲ ဆိုတာကိုလည်း သေချာ ထပ်ပြီး လေ့လာပါဦး

        လို့ ဆိုကာ ကုန်သည်ကြီးဆီကို ပြန်လွှတ်လိုက်တယ်။ လူငယ်လေး ကုန်သည်ကြီးဆီကို ပြန်ရောက်လာခဲ့ပြီး အချိန် အတန်ကြာအောင်ကို ကုန်သည်ကြီး သိုလှောင်ထားသော ပစ္စည်းဈေးနှုန်းတွေက ကျသထက် ကျနေဆဲပဲ ဖြစ်တယ်။ တင်းခံကာ သိုလှောင်ထားသူတွေလည်း ဘယ်လိုမှ တင်းမခံနိုင်တော့ဘဲ ရရာ ဈေးနှုန်းနဲ့ ထိုးလိုက်ရောင်းပြီး ဈေးထပ်ကျကာ ပို၍ အရှုံးပေါ်မှာကို အရှုံးနည်းနည်းနဲ့ ကာကွယ် သွားကြတယ်။ 

        ဒါကြောင့် ထိုကုန်ပစ္စည်း သိုလှောင်ထားသူ ဆို၍ ကုန်သည်ကြီး တစ်ယောက်သာ ကျန်တော့တယ်။ ဈေးကွက်ထဲမှာလည်း ထိုကုန်ပစ္စည်းတွေက အလွန်ပေါများနေ၍ ထုတ်လုပ်သူတွေကလည်း ဆက်မထုတ်တော့ဘဲ ၊ ရပ်ဆိုင်းကာ တခြားသော ဝယ်လိုအားကောင်းသော ပစ္စည်းများကိုသာ ဆက်လက် ထုတ်လုပ်ကြတယ်။ ဒါနဲ့ ဈေးကွက်ထဲမှာတော့ ပုံမှန် ဝယ်လိုအားသာ ရှိနေခဲ့တယ်။

       ဈေးကွက်ထဲမှာ ထုတ်လုပ်သူတွေ ဘက်ကလည်း ရပ်ဆိုင်း ၊ သိုလှောင်ထားမှု တွေကလည်း မရှိတော့တဲ့ အခါမှာ ဈေးကွက်ရဲ့ ပုံမှန် ဝယ်လိုအားကြောင့် ထိုပစ္စည်းတွေက တစစ ရှားပါးလာခဲ့ပြီး ဈေးနှုန်းတွေကလည်း တစစ ပြန်လည် မြင့်တတ်လာခဲ့တယ်။ ဒီအချိန်မှာတော့ ထုတ်လုပ်သူတွေကလည်း တခြားသော ဈေးကွက်ကို အာရုံစိုက်ကာ ထုတ်လုပ်နေလို့ ဒီကုန်ပစ္စည်း လိုအပ်လာမှု အတွက် ချက်ချင်း မဖြည့်ဆည်းနိုင်ဘူး။ ဈေးကွက်ရဲ့ လိုအပ်ချက်ကို ဖြည့်ဖို့ သိုလှောင်ထားသူတွေဆီမှာလည်း မရှိတော့ ဈေးနှုန်းတွေက တစစ တတ်လာခဲ့တယ်။ 

       ဒီအချိန်မှာ ဈေးကွက်ရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ကုန်ပစ္စည်း သိုလှောင်ထားသူက ကုန်သည်ကြီး တစ်ယောက်ပဲ ရှိတော့တယ်။ ဈေးကွက်ထဲမှာ ကုန်ပစ္စည်း ပြတ်လတ်မှုတွေရဲ့ အကျိုးဆက် အဖြစ် ကုန်ဈေးနှုန်းတွေက တတ်လာခဲ့တယ်။ ဝယ်လိုအားရဲ့ နောက်ကို ရောင်းလိုအားက မလိုက်နိုင်တဲ့ အတွက် ကုန်ပစ္စည်း လိုအပ်သူတွေက ဈေးနှုန်းကို တတ်ဈေးပေးကာ ဝယ်ယူကြရတယ်။ ဒါနဲ့ အရင်က ထိုးကျနေတဲ့ ထိုကုန်ပစ္စည်း ဈေးနှုန်းတွေက ချက်ချင်းကို တတ်လာကာ မူရင်း ဝယ်ယူ သိုလှောင်စဉ်က  ဈေးနှုန်းထက် အမြတ်များစွာ ပိုရခဲ့တယ်။ ဒီအချိန်မှာ လူငယ်လေးက ကုန်သည်ကြီးကို ဝမ်းသာ အားရဖြင့် . . . .

        ဦးကြီး . .  ဦးကြီး ဝယ်လှောင်ထားတဲ့ ပစ္စည်းတွေ ဈေးကွက်မှာ ပြတ်နေလို့ အခုဆိုရင် ဈေးနှုန်းတွေ အရမ်းတတ်နေပြီ။ ဦးကြီး ထုတ်ရောင်းချင် ရောင်းလို့ ရပြီ။ ဒါဆိုရင် အမြတ် အများကြီး ရမှာ သေချာတယ်။

        လို့ ပြောလိုက်တော့ ကုန်သည်ကြီးက လူငယ်လေးကို ပြုံးကြည့်ပြီး ပြောတယ်။ 

       ဟေ . . . မြတ်ပလားကွဲ့

       လို့ မေးတယ်။ လူငယ်လေးကလည်း . . . 

       ဟုတ်ကဲ့ . . . အခု ထုတ်ရောင်းရင် မြတ်နေပြီ ဦးကြီး

        အရင်က မင်းပြောတော့ အရှုံးတွေ ပေါ်နေပြီဆို

        ဟုတ်တယ်လေ ဦးကြီးကလဲ ၊ အရင်က ဈေးနှုန်းတွေ ကျနေတာကိုး ၊ အခုတော့ ဈေးနှုန်းတွေ တတ်နေတယ်လေ

        ဒီတော့ ကုန်သည်ကြီးက လူငယ်လေးကို သေချာ ပြုံကြည့်ပြီး လေးလေးနက်နက် စကား ပြောတယ်။

        ငါ့တူ တွေးပုံလေး နည်းနည်း လွဲနေတယ်ကွ။ တကယ်တော့ ဦးကြီး သိုလှောင်ထားတဲ့ ပစ္စည်းက အခုထိ မြတ်လည်း မမြတ် ၊ ရှုံးလည်း မရှုံးသေးပါဘူးကွ။ တကယ်တော့ သိုလှောင်ထားတဲ့ ပစ္စည်းတွေက သိုလှောင်ထားတုန်းက ဈေးအတိုင်းပဲ ရှိနေတာပါ။ ပြင်ပ ဈေးကွက်မှာ ပေါက်နေတဲ့ ဈေးနှုန်းက သိုလှောင်ဈေးထက် ကျနေတယ် ဆိုတိုင်း ရှုံးတာ မဟုတ်ပါဘူးကွ။ ထုတ်ရောင်းလိုက်မှ ရှုံးတာပါ။ ထုတ်မရောင်း မချင်း မရှုံးသေးပါဘူး။ 
        
        အခုလည်း ပြင်ပ ဈေးကွက်မှာ ပေါက်နေတဲ့ ဈေးနှုန်းက တတ်နေတယ် ဆိုတော့ ထုတ်ရောင်းရင် မြတ်တယ် ဆိုပေမဲ့လည်း ထုတ်မရောင်း မချင်း မမြတ်သေးပါဘူး။ မူုရင်း တန်ဖိုး အတိုင်းပဲ ရှိပါသေးတယ်။ ဈေးကွက်မှာ ဈေးနှုန်းကျရင် လူတွေက ကိုယ် သိုလှောင်ထားတာ အရှုံးပေါ်ပြီ ဆိုပြီး ထုတ်ရောင်း တတ်ကြတယ်။ တကယ်တော့ သူတို့ ဆက်ပြီး သိုလှောင်ထားရင်လည်း သူတို့ အတွက် မူရင်း ဈေးအတိုင်းပါပဲ။ သူတို့ မရှုံးသေးပါဘူး။ တကယ် ထုတ်ရောင်းလိုက်မှသာ ရှုံးသွားကြတာ။ 

         လောကမှာ လူတွေ ပြောပြောနေတဲ့ အရှုံး ”  ဆိုတာ ဒီသဘောပဲ။ ကိုယ်က ရှုံးပါပြီ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်တဲ့ အချိန်ကျမှ တကယ်ကို ရှုံးသွားတာပါ။ သူများက ကိုယ့်ကို အရှုံး လို့ သတ်မှတ်တိုင်း ကိုယ်က ရှုံးသွားတာ မဟုတ်ဘူး။ သူများက ကိုယ့်ကို ဘယ်လိုပဲ သတ်မှတ်နေပါစေ ကိုယ်တိုင်က ဒါ အရှုံး မဟုတ်သေးဘူး ၊ ဒါဟာ လတ်တလော မအောင်မြင်မှုဘဲ ဖြစ်တယ် လို့ ခံယူထားရင် ဒီလူဟာ ဘယ်တော့မှ အရှုံးနဲ့ ရင်မဆိုင်ရဘူး။

        အခု လောလောဆယ် သူကြုံတွေ့နေရတဲ့ သူများတွေ သတ်မှတ်နေတဲ့ အရှုံး ဆိုတာ လတ်တလော မအောင်မြင်မှုလေး တစ်ခု ပါပဲ။ ကိုယ်တိုင်က ဒါဟာ အရှုံး လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပြီး ကြေငြာ လိုက်ပြီ ဆိုရင် ဒါဟာ တကယ့်ကို အရှုံး ဖြစ်သွားတော့တာပဲ။

         ကုန်သည်ကြီး ပြောနေတာတွေ လူငယ်လေး သေချာစွာ နားစိုက်ထောင် နေခဲ့တယ်။ သူ့အတွက် ရိုးသား ရှင်းလင်းလှသော ကိုယ်တွေ့ သာဓက ၊ စီးပွားရေး အတွေးအခေါ် ၊ လူမှုရေး စိတ်ဓါတ်များကိုပါ တစ်ခါတည်းနဲ့ ရလိုက်သလို ခံစားမိတယ်။ သူ စိတ်ဝင်တစား နားထောင်နေတာကို မြင်တော့ ကုန်သည်ကြီးက ဆက်ပြောတယ်။

        ဒါကြောင့် ကုန်ပစ္စည်းတွေ ဈေးကျတယ် ဆိုတိုင်း ရှုံးတာ မဟုတ်ဘူး။ အဲဒီ အရှုံးဈေးနဲ့ ကိုယ်က ထုတ်ရောင်းလိုက်မှ ကိုယ်က ရှုံးတာ ၊ ဒီလိုပဲ လူတစ်ယောက်ကို အရှုံးသမား လို့ ဆိုတိုင်း ဒီလူဟာ ရှုံးသွားတာ မဟုတ်ဘူး။ သူကိုယ်တိုင်က ငါဟာ အရှုံးသမားပါ လို့ မခံယူ အချင်း သူဟာ မအောင်မြင်သေးတဲ့ လူတစ်ယောက် ပဲဖြစ်တယ်  အရှုံးသမား လုံးဝ မဟုတ်ဘူး။ ဒါကို သဘောပေါက်ထားဖို့ လိုတယ်။

        ဟုတ်ကဲ့ ဦးကြီး။ ကျွန်တော် သဘောပေါက်ပါပြီ။ ကုန်ပစ္စည်း တစ်ခုရဲ့ အရှုံး ဆိုတာကိုလည်း သဘောပေါက် သွားသလို ၊ လူတစ်ယောက်ရဲ့ အရှုံးသမား ဆိုတဲ့ အကြောင်းကိုလည်း သဘောပေါက် နားလည်သွားပါပြီ။

         ဒီတော့မှ လူကြီးက မိန့်မိန့်ကြီး ပြုံးကာ . . . . 
       
       ဒါဆို ကုန်ပစ္စည်း တစ်ခုရဲ့ အရှုံး ဆိုတာ ဘာလဲ ၊ လူတစ်ယောက်ကို အရှုံးသမား လို့ သတ်မှတ်တာက ဘယ်အချိန်မှာလဲ ၊ ပြန်ပြောကြည့်ပါဦး

        ကုန်ပစ္စည်း တစ်ခုရဲ့ အရှုံး ဆိုတာ ကိုယ်ဝယ်ထားတဲ့ ဈေးနှုန်းထက် ရှုံးနေတဲ့ ဈေးနှုန်းနဲ့ ထုတ်ရောင်းခဲ့တာ ဖြစ်ပြီး ၊ အရှုံးသမား ဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ သတ်မှတ်ထားတဲ့ လူပါပဲ။ တကယ်တော့ အရှုံးသမား ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရှုံးသမား လို့ မခံယူ မချင်း လူတစ်ယောက်ဟာ အရှုံးသမား မဟုတ်သေးပါဘူး။ သူဟာ မအောင်မြင်သေးတဲ့ လူတစ်ယောက် ပဲ ဖြစ်နေပါသေးတယ်။



*** ကျွန်တော့် အဖေ သူငယ်ချင်း ပြောပြခဲ့ဖူးသော ဖြစ်ရပ်လေး တစ်ခုပါ။ ပုံပြင်သဘောနဲ့ ကြုံရင် ပုံပြင်ပြောပါ မှာ ရေးမလားလို့။ ရှည်နေလို့ တစ်ပုဒ်တည်းပဲ တင်လိုက်ပါတယ်။


လေးစားစွာဖြင့်
ကိုဇော်

No comments:

Post a Comment