My Blog List

Sunday, February 26, 2012

ပညာရေးပိုင်းအစတစ်ခု


An Educational Piece

Shin Maharatthasara (ရှင်မဟာရဋ္ဌသာရ/သျှင်မဟာရဋ္ဌသာရ), a Myanmar Buddhist monk (2012 - 2073 Buddhist Era), presented a good learning process with eight steps namely listening, thiking, asking, discussing, investigating, writing, practising and keeping (summarized in eight Pali initials "su, ci, pu, bha, vi, li, si, dha").
It's just obvious that this is a good education system which can be accepted and practiced today. But we don't know how this system was applied and how it was successful. And we don't know either this has been practiced in Myanmar or not.

ပညာရေးပိုင်းအစတစ်ခု

ဟိုတစ်နေ့က အသိတစ်ယောက်နဲ့ Gmailမှာ Chatရင်း ပညာရေးနဲ့ဆိုင်တဲ့ စကားတစ်ခွန်း ကြားခဲ့ရတယ်။ တောင်အာဖရိက သမတဟောင်း Nelson Mandelaရဲ့ အဆိုအမိန့် တဲ့။
"Education is the most powerful weapon which you can use to change the world."
နားလည်သလို ဘာသာပြန်ကြည့်တယ်။
"ပညာရေးဟာ ကမ္ဘာကြီးကို ပြောင်းလဲအောင် လုပ်ရာမှာ အသုံးပြုနိုင်တဲ့ စွမ်းအားအပြင်းဆုံး လက်နက်ပါ။"
ဘယ်တုန်းက ပြောခဲ့တဲ့ စကားဆိုတာ မသိပါဘူး။ ခု Google နဲ့ ပြန်ရှာကြည့်တော့ အဲ့ဒီစကားကို essay.blogs.nytimes.com မှာ တွေ့ရပါတယ်။ The New Yourk Times Magazine ရဲ့ College Essay Contest ခေါင်းစဉ်အောက်မှာပါ။ ဟုတ်တာပေါ့။ ကမ္ဘာကြီး ဒီနေ့အခြေအနေရောက်အောင် တွန်းခဲ့တဲ့ အားတွေထဲမှာ ပညာရေးက အဓိက တွန်းအားတစ်ခုပေါ့။ ပညာရေးဟာ အစွမ်းထက်ပါတယ်။ ကောင်းပါတယ်။ အဲ့ဒီနောက် ပညာရေး ဆိုတာကို အထူးစိတ်ဝင်စားမိနေရင်း ပညာရေးနဲ့ဆိုင်တဲ့ စာတွေကို အချိန်ရသလောက် လက်လှမ်းမီသလောက် လိုက်ဖတ်နေရာက ဒီနေ့တော့ မကောင်းတဲ့ ပညာရေးတစ်ခုအကြောင်း articlesbase.comမှာ ဖတ်လိုက်ရပါတယ်။ အမိန့်အာဏာပေါ်မှာ တည်ဆောက်ထားတဲ့ ပညာရေးတဲ့။ ဖတ်မိခဲ့တာကို နားလည်သလို ပြန်ပြောပါမယ်။

          "ပညာရေးမှာ အာဏာရှင်ဆန်မှုကို ပညာရေးမှာ စီမံပိုင်ခွင့် ရှိသူတွေက ဖန်တီးတာပဲ။
          ရည်ရွယ်ချက်က ပညာအသင်ခံရတဲ့ အအုပ်ချုပ်ခံတွေကို မမှန်တာတွေ
          အယုံခိုင်းပြီး စိတ်တိုင်းကျ ကြိုးကိုင်ထားနိုင်ဖို့။
          ကြိုးကိုင်လို့ရတဲ့ အခြေအနေ ရောက်အောင် ပြင်ဆင်တဲ့ အနေနဲ့
          ကျောင်းမှာ ကျောင်းသူ ကျောင်းသားတွေက ဆရာကို
         စောဒကတက် မေးခွန်းမထုတ်ရဘူး။ ဆရာပြောသမျှ လက်ခံရတယ်။
          ဒီပညာရေးကြောင့် လူတွေက လွတ်လပ်မှု တရားမျှတမှုအစား အာဏာရှင်ကို လက်ခံလာတယ်။
          အယူသီးမှုတွေ ရှိလာတယ်။ ယောင်ဝါးဝါးတွေ ဖြစ်လာတယ်။
         ကိုးကွယ်ယုံကြည်မှုမှာလည်း အမှန်တရားနဲ့ ဝေးလာတယ်။
         အာဏာရှင်ဆန်တဲ့ ပညာရေးစနစ်မှာ တာဝန်ရှိသူတွေက သင်္ခန်းစာတွေကို ဆင်ဆာဖြတ်တယ်။
         စိတ်တိုင်းကျ စီမံတယ်။ ဒီနည်းနဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ် တွေးခေါ်ခြင်းကို
         သေတွင်းဆီ ပို့တယ်။ စောဒကတက် မေးခွန်းထုတ်တဲ့ ကျောင်းသူ ကျောင်းသားကို နှိမ်တယ်။

        အဲ့ဒီလို ကျောင်းသူကျောင်းသားမျိုးကို ပေါက်တောက်တောက် ကြောင်တောင်တောင်
          အနေမျိုးရောက်အောင် လုပ်လိုက်တယ်။
         အကျိုးဆက်ကတော့ ကျောင်းသူကျောင်းသားတွေဟာ သင်္ချာ နဲ့ ဓာတုဗေဒလို
         မှန်ကန် တိကျတဲ့ သိပ္ပံ ဘာသာရပ်တွေမှာတောင်မှ ၀ါးတားတား ဖြစ်ကုန်တယ်။
         ကျောင်းပြီးတဲ့ အခါကျတော့ အမှန်တရားနဲ့ ဆန့်ကျင်သူတွေ ဖြစ်လာတယ်။
         သိပ္ပံအပါအ၀င် ဘ၀မှာ တွေ့ကြုံ ဖြတ်သန်းရတဲ့ ကိစ္စတိုင်းမှာ ယောင်ချာချာတွေ ဖြစ်ကုန်တယ်။
         ဒီစနစ်ရှိတဲ့ နိုင်ငံမှာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တွေးခေါ်ခြင်းကို အုပ်ချုပ်သူတွေက ဖိနှိပ်ထားတယ်။
         အဲ့ဒီလို တွေးခေါ်ခြင်းကို ပြည်သူတွေကလည်း နှိပ်ကွပ်ထားတယ်။
         မိသားစုဝင်တွေကလည်း ချိုးနှိမ်ထားတယ်။
         ဒီစနစ်ကြောင့် ဖခင်သြဇာလွှမ်းမိုးတဲ့ မိသားစု
         ဒါမှမဟုတ် မိခင်သြဇာလွှမ်းမိုးတဲ့ မိသားစုတွေ ပေါ်ထွန်းလာတယ်။
         လူတွေဟာ ဒီပညာရေးစနစ်ရဲ့ သားကောင်တွေ ဖြစ်လာတယ်။
         ဒီပညာရေးက လူတွေကို စိတ်ဒဏ်ရာ ရစေတယ်။
         စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ဖြစ်လာအောင် သင်ပေးတယ်။
         မိသားစုထဲမှာ လူ့အသိုက်အ၀န်းထဲမှာ အုပ်ချုပ်သူတွေထဲမှာ
         အာဏာရှင်ကို အကွပ်ညှပ်ခံစိတ်နဲ့ လက်ခံလာနိုင်လာအောင် သွန်သင်ပေးလိုက်တယ်။"

အဲ့ဒီဆောင်းပါး ရေးတဲ့သူက N. Breeze တဲ့။ သူရထားတဲ့ ဘွဲ့တွေက Material Engineering, Ceramic(BSc), Biomedical Engineering, Biomaterial (MSc)တဲ့။ သူက ကျောင်းသူ ကျောင်းသားတွေ စာသင်ကျောင်းမှာ ဆရာဆရာမတွေရဲ့ အဖိနှိပ်ခံအဖြစ် ကုတ်ကုတ် နေခဲ့ရလို့ ကြီးလာတော့ အာဏာရှင်တွေရဲ့ အဖိနှိပ်ခံပြည်သူတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။ သူ့ဆောင်းပါးအတွက် သူ ဘယ်လို သုတေသန လုပ်ခဲ့တယ်၊ ဘယ်အချက် အလက်တွေကို အခြေခံပြီး ဘယ်လိုကောက်ချက် ဆွဲတယ်ဆိုတာ ဖော်ပြမထားတဲ့အတွက် သူ့တင်ပြချက် ဘယ်လောက်ခိုင်မာတယ်ဆိုတာ ပြောဖို့ ခက်ပါတယ်။ အပြည့်အ၀ လက်ခံဖို့ မလွယ်ဘူး။ ဥပမာ စာသင်ကျောင်းတွေ မပေါ်ခင်က အာဏာရှင် မရှိခဲ့ဘူးလားလို့ ပြန်လှန်မေးခွန်းထုတ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့တင်ပြချက်က ပညာရေးနဲ့ ပတ်သက်လို့ ထည့်သွင်း စဉ်းစားစရာတစ်ခု ဆိုတာတော့ သေချာပါတယ်။

တစ်ဆက်တည်း မြန်မာနိုင်ငံမှာ အင်းဝခေတ်က အရှင်မဟာရဋ္ဌသာရ ချပြခဲ့တဲ့ ပညာသင်ယူပုံ စနစ်တစ်ခုကို သတိရမိပါတယ်။ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ ကျက်ခဲ့ရတာပါ။ "သု စိ ပု ဘာ၊ ၀ိ လိ သိ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီးကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့"တဲ့။ အရှင်မဟာရဋ္ဌသာရရဲ့ ပညာရေး စနစ်က မူရှစ်ချက်နဲ့ပါ။ "သု စိ ပု ဘာ၊ ၀ိ လိ သိ ဓာ"တဲ့။ အဲ့ဒါကို ဆရာဘုန်းကြီးက တစ်ခုချင်း ရှင်းပြပါတယ်။

သု = သုဏေယျ။ သင်ပြတာကို နားစိုက် ထောင်ရမယ်။
စိ = စိန္တေယျ။ သင်ပြီးသားကို ကြံစည်တွေးတော သုံးသပ်ရမယ်။
ပု = ပုစ္ဆေယျ။ နားမလည်တာရှိရင် ဆရာကို ပြန်မေးရမယ်။ ကိုယ့်ထက် အတန်းကြီးတဲ့သူကို မေးရမယ်။
ဘာ = ဘာသေယျ။ ကျောင်းသူကျောင်းသား အချင်းချင်း သင်္ခန်းစာကို ပြောဆို ဆွေးနွေး တိုင်ပင်ရမယ်။
ဝိ = ၀ိစာရေယျ။ သင်ယူခဲ့တာ ဆွေးနွေးခဲ့တာတွေကို ပြန်ပြီး ဆင်ခြင် သုံးသပ်ရမယ်။
လိ = လိက္ခေယျ။ အရေးအသား လေ့ကျင့်ရမယ်။ သိထားတာကို ပြန်ပြီး တင်ပြ တတ်အောင် လေ့ကျင့်ရ မယ်။
သိ = သိက္ခေယျ။ စာသိကို လက်တွေ့ ကျင့်သုံးရမယ်။ ဘ၀အတွက် အသုံးချ ရမယ်။
ဓာ = ဓာရေယျ။ သင်ထားသမျှ မမေ့အောင် ဆောင်ထားရမယ် တဲ့။

စနစ်ကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ (ဒီရှစ်မျိုးကို ပါဠိနာမည်တွေနဲ့ ဖော်ပြထားတာမို့ ဘုရားဟော ပါဠိတော်ထဲကများ ယူထားသလား၊ ပါဠိပိဋကတ် တစ်နေရာတည်းမှာ တစ်စုတည်း ပါလေသလား၊ တစ်နေရာစီမှာ ပါတာကို စုစပ်ပြီး ဖော်ပြထားတာလား၊ ရှင်မဟာရဋ္ဌသာရရဲ့ စိတ်ကူးသက်သက်လားဆိုတာ စဉ်းစားမိပါသေးတယ်။)

စောစောက articlesbase.comမှာ ဖတ်ခဲ့ရတဲ့ ဆောင်းပါးကို ရေးတဲ့သူဟာ ကျောင်းတွေမှာ Critical Thinking ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တွေးခေါ်ခြင်းကို အထက်စီးကနေ ပိတ်ဆို့ထားလိုက်တဲ့ လုပ်ရပ်ရဲ့ ဆိုးကျိုးကို ထောက်ပြပါတယ်။ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်းကို အားပေးသူပေါ့။ အဲ့ဒီဆောင်းပါးရှင် အရှင်မဟာရဋ္ဌသာရ ချပြခဲ့တဲ့ ပညာရေးစနစ်ကိုသိရင် တော်တော် သဘောကျလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှင်မဟာရဋ္ဌသာရရဲ့ ပညာရေးမူ ရှစ်ချက်ထဲမှာ "စိ" နဲ့ "၀ိ" ရယ်လို့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တွေးခေါ်ခြင်းကို အထူး အားပေးထားလို့ပေါ့။ ဒီ့ပြင် "ဘာ"ဆိုပြီး ဆရာကို ပြန်မေးခွင့်လည်း ပေးထားသေးတယ်။ ခုခေတ် ပညာရေး သမားတွေ အသိမှတ်ပြုလောက်တဲ့ "attendance,discussion, presentation, application"ဆိုတာတွေကိုလည်း "သု ဘာ လိ သိ"ဆိုတဲ့ မူတွေနဲ့ အသီးသီး သိမ်းယူထားတယ် မဟုတ်လား။

မြန်မာနိုင်ငံမှာ အရှင်မဟာရဋ္ဌသာရရဲ့ ပညာရေးစနစ်ကို ဘယ်လို အကောင်အထည် ဖော်ခဲ့သလဲ၊ အဲ့ဒီစနစ် ဘယ်လောက်အကောင်အထည် ပေါ်ခဲ့သလဲ၊ ခု အဲ့ဒီစနစ် ရှိနေသေးလား ဆိုတာတော့ သီးသန့် သုတေသနပြုရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါလည်း ပညာရေးနဲ့ ပတ်သက်လို့ ထည့်သွင်း စဉ်းစားစရာတစ်ခု ဆိုတာလောက်ပဲ သေချာတယ် ဆိုပါစို့။ ကဲ ပညာရေးနဲ့ ပတ်သက်လို့ ဒီထက် ပိုသေချာအောင် ဘာလုပ်သင့်ကြပါသလဲ။ ဘာလုပ်နိုင်ကြပါ မလဲ။


:)
ရှင်အာစာရ
2Sep10

မှတ်ချက်။  ။facebook  မှဖတ်လိုက်၇သော ဆောင်းပါးကောင်းတစ်ပုဒ်။

No comments:

Post a Comment