My Blog List

Sunday, February 26, 2012

Hacker အကြောင်းသိကောင်းစရာ




   ၁။ (က) Hacker ဆိုသည်မှာ

   Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

   အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

   White Hat


   White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။

   Black Hat

   Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

   Grey Hat

   Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။

*********************************************************************

   ၁။ (ခ) Hacker အဆင့်အတန်းများ


   Script Kiddies

   Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။

   Intermediate Hacker

   Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။

  Elite Hacker

   နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။

****************************************************************************

   ၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်

   လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။

**************************************************



   ၂။ Password အကြောင်းသိကောင်းစရာ

   Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။

   ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။

   Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း

   Social Engineering

   အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။

   မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

   အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၄င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။


   Shoulder Surfing Attack

   Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။

   Guessing Attack

   များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။

   Dictionary Attack

   Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။
Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။

   Brute Force Attacks

   Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်။

ခင်မင်စွာဖြင့်

ညအလင်္ကာ

Hacker ဆိုတဲ့ စကားအစစ်အမှန်ကို ငြင်းခုံဖို့ အများကြီးကောင်းတယ်။ သုံးချင်တိုင်း သုံးနိုင်တဲ့၊ သုံးချင်တဲ့ နေရာ တိုင်း သုံးနိုင်တဲ့ သဘောတွေဆောင်နေတာကိုလည်း တွေ့ရတယ်။ Hacker ဆိုတဲ့ ဝေါဟာရရင်းမြစ်ကို နားလည်ဖို့ လက်ရှိခေတ်အခြေအနေကို နားလည်ထားဖို့ လိုမယ်ထင်တယ်။

    Hacking ဆိုတဲ့ ဝေါဟာရ ကွန်ပျူတာလောကထဲ ရောက်လာတာ ၁၉၆၀ လောက်ကတည်းက ဖြစ်ပါတယ်။ စတင်သုံးစွဲခဲ့တာကတော့ MIT (Massachusetts Institute of Technology) ကလို့ သိရတယ်။ MIT မှာ ကျောင်းလာတက်တဲ့ ကျောင်းသားတွေထဲမှာ သူတို့က နှစ်မျိုးနှစ်စား ခွဲခြားထားတယ်။ Tools အုပ်စုနဲ့ Hackers အုပ်စုဆိုပြီးတော့ပါ။
    Tool တွေက ကျောင်းမှန်မှန်တက်တယ်။ ကျောင်းချိန်ပြင်ပမှာ စာကြည့်တိုက်သွားပြီး အချိန်ဖြုန်းတတ်တယ်။ သူတို့ ရည်မှန်းချက်က အတန်းထဲမှာ "A" အဆင့်တွေချည်း ရဖို့ဖြစ်တယ်။ Hacker တွေကတော့ Tool တွေနဲ့ ဆန့်ကျင်ဖက်ပဲ။ ကျောင်းလည်း တက်ချင်မှ တက်တယ်။ တစ်နေ့လုံး အိပ်ချင်လည်း အိပ်နေတတ်တယ်။ ညဘက် ကျမှ သူများတွေ လည်ပတ်ချိန်၊ အနားယူချိန်၊ ရုပ်ရှင်ကြည့်ချိန်တွေမှာ သူတို့လေ့လာမှုတွေ လုပ်တတ်ကြတယ်။ သူတို့က သာမန်ဆိုတာလောက်ကိုပဲ သဘောတွေ့တတ်ကြတယ်လေ။
    ဒါဆိုရင် ကွန်ပျူတာနဲ့ ဘာဆိုင်သလဲလို့ မေးစရာရှိတယ်။ ကွန်ပျူတာနဲ့ hacker မသက်ဆိုင်ဘူးလို့ ပြောလို့ မရတာကတော့ အမှန်ပဲ။ Hacker တွေမှာ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွေ အများကြီးရှိခဲ့တယ်။ Tool တွေမှ A အဆင့်တွေ ရတာမဟုတ်ဘူး။ Hacker တွေလည်း အတန်းထဲမှာ A အဆင့်တွေနဲ့ အောင်မြင်မှုတွေ ရနေကြ တယ်။ Hacker တွေဆိုတာက သူတို့ဝါသနာပါတဲ့ တစ်ခုခုမှာ အာရုံစိုက်ပြီး စူးစိုက်နစ်မြှပ်ထားတတ်ကြတယ်။ ဒါကြောင့် တစ်ခုခုကို မလုပ်ချင်ရင်လည်း မလုပ်ဘူး။ လုပ်ပြီဆိုရင်လည်း မထတမ်း စွဲစွဲမြဲမြဲ လုပ်တတ်ကြတယ်။ တယ်လီဖုန်းတွေကို ကလိချင် ကလိမယ်။ သိပ္ပံဝတ္ထုတွေ ဖတ်ချင် ဖတ်နေမယ်။ အပျော်တမ်း ရေဒီယို အသံလွှင့် ကောင်းလွှင့်နေမယ်။ Hacker ဆိုတာ မော်ဒယ်လည်း ဖြစ်နိုင်တယ်၊ ကျောင်းသားလည်း ဖြစ်နိုင်တယ်၊ ပါမောက္ခ လည်းဖြစ်နိုင်တယ်။ ကွန်ပျူတာကိုင်မှ hacker မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တာကို စူးစိုက်ပြီး လုပ်ချင်တာ လုပ်နေကြတာလည်း ဖြစ်နိုင်တယ်။ ၁၉၈၆ လောက်တုန်းက MIT မှာ hacker ဆိုတဲ့ အဓိပ္ပာယ်ကို ကွန်ပျူတာ hacker ဆိုပြီး သုံးခဲ့ကြတာ မဟုတ်ဘူး။ အဆောက်အအုံနဲ့ ပတ်သက်ပြီး "building hacker" လို့ သုံးခဲ့ကြတယ်။ ရေပိုက်တွေ၊ အိမ်ခေါင်မိုးတွေပေါ်မှာ ဘယ်သူမှ တက်ပြီး မလုပ်နိုင်တဲ့အလုပ်မျိုးတွေကို တက်ပြီးလုပ်နိုင်တဲ့သူ တွေကို hacker လို့ ခေါ်ကြတယ်။

    ကွန်ပျူတာ hacker (computer hacker) ဆိုတာကတော့ ကွန်ပျူတာကို ကောင်းကောင်း နားလည်၊ စူးစူး စိုက်စိုက်လည်းလုပ်၊ ကွန်ပျူတာနဲ့ အရာရာကို အားထုတ်၊ ကွန်ပျူတာထဲမှာ ဘ၀ကိုနစ်မြှပ်ထားသူတွေကို ဝေါဟာရ ပြောင်းပြီး ခေါ်လာကြတယ်။ Hacker အမျိုးမျိုးရှိတယ်။ စိတ်ဓာတ်နဲ့ စိတ်ထားအပေါ်မူတည်ပြီး hacker တိုင်းကို တူတယ်လို့ မပြောနိုင်ဘူး။ ကွန်ပျူတာ programming ဆိုတာက ၀ါသနာပါမှ အောင်မြင်စွာ သင်ယူလို့ရတယ်။ Programmer တွေ ဆိုတာက ငွေကြေးအရချည်း လုပ်နေကြတာလို့ မှတ်ယူလို့ မရဘူး။ အချို့လည်း ပျော်လို့လုပ်နေကြတာ။ Program ရေးရင် ငွေရတယ်ဆိုတာ မှန်ပေမယ့် hacker လုပ်တိုင်း ငွေရဖို့ လုပ်တာလို့လည်း မှတ်ယူလို့ မရဘူး။ Hacker ဆိုတာ လူကြမ်းကြီးတွေ မဟုတ်ဘူး။ အလှရသကို ခံစားတတ်သူ တွေလို့လည်း ပြောနိုင်တယ်။
    ကွန်ပျူတာ hacker တွေမှာ သူ့လိုင်းနဲ့သူ ရှိကြတယ်။

    Algorithm hacker တွေက ပြဿနာရပ်တိုင်းကို စည်းကမ်းတကျ algorithm နည်းကျကျ ဖြေရှင်းလေ့ရှိတယ်။

    System hacker တွေကျတော့ operating system တွေကို ဒီဇိုင်းထုတ်ဖို့ ပြင်ဆင်ထိန်းသိမ်းဖို့ စိတ်ဝင်စားကြတယ်။

    Password hacker တွေကတော့ လူတွေရဲ့ ထိန်းသိမ်းထားတဲ့ password တွေကို လိုက်ပြီး ရှာဖွေဖော်ထုတ်နေတတ်သူတွေ ဖြစ်ပါတယ်။ ဒါတွေ ကတော့ Newsweek မဂ္ဂဇင်းက ဖော်ထုတ်ထားတဲ့ ဖွင့်ဆိုချက်တွေ ဖြစ်ပါတယ်။

    System တစ်ခုရဲ့ လုံခြုံရေးကို ချိုးဖောက်နိုင်လို့ ငွေကြေးအရ အမြတ်ထွက်သွားတဲ့ သူခိုးလို ကောင်တွေကို hacker လို့ မခေါ်နိုင်ဘူး။ Hacker ဆိုတာ သူခိုးမဟုတ်ဘူးဆိုတာ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားစေချင်တယ်။ Hacker လုပ်တာ သူများပစ္စည်းခိုးပြီး အသက်မွေးဖို့ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ခံရမယ့် hacker ဆိုတာ 'ပညာရှင်' ပါ။ ပညာသင်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပညာတတ်ဖို့၊ ပညာရှာဖို့ ဘ၀မှာ အများကြီး ပေးဆပ် နိုင်တဲ့သူတွေ ဖြစ်ရမယ်။ Password Hacker ဆိုတာ system တွေ ဘယ်လို လုပ်တယ်ဆိုတာ သိချင်လို့ နောက်ကြောင်းလိုက်နေသူတွေပဲ ဖြစ်သင့်တယ်။ ဒါ့ကြောင့် သူအကြောင်းအရာတစ်ခုခုကို သိချင်လို့ မသိသိ အောင် ကြိုးပမ်းချင် ကြိုးပမ်းမယ်၊ အလွဲသုံးစားတော့ မလုပ်ဘူး။ မကောင်းတာလုပ်ဖို့ hacker ဘွဲ့ခံတာ မဟုတ် ဘူးဆိုတာတွေ သတိပြုစေချင်တယ်။

    Hacker ကိုယ်ကျင့်တရားနှင့် ရသ

    လူ့သမိုင်းဖြစ်စဉ်မှာ အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတာပဲ။ လူတိုင်းလူဖြစ်လာပြီ ဆိုကတည်း က လူ့အသိုင်းအ၀ိုင်း လူမှုရေးနှင့် မလွဲမသွေ ပါဝင်ပတ်သက်လာရလိမ့်မယ်။ လူဆိုတာကလည်း သူ့အဆင့် အတန်းနဲ့သူ၊ သူ့ခံယူချက်နဲ့သူ ကိုယ့်ဘ၀ကိုယ် ပြဌာန်းတတ်ကြပါတယ်။
    ကိုယ်ကျင့်တရားဆိုင်ရာ 'စံ' တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကတည်းက စတင်ချိုးဖောက်လာခဲ့ကြ တယ်လို့ ဆိုရမယ်။ မှတ်မှတ်သားသား Immanuel Kant (1724-1804) ဆိုသူက စတင်ချိုးဖောက်ခဲ့တာလို့ ဆိုနိုင်တယ်။ Kant ဟာ ၂၀ ရာစုမှာတော့ အတွေးအခေါ်ပိုင်းမှာ အတော်လေး ထူးဆန်းစွာ တီထွင်တွေးခေါ် နိုင်ခဲ့သူလို့ ဆိုရမယ်။ သူက အစဉ်အလာ လူတွေ လက်ခံနေကြတဲ့ ကိုယ်ကျင့်တရားစံတွေကို ဆန့်ကျင်ခဲ့တယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို လုပ်ပိုင်ခွင့်အပြည့်ရှိဖို့ သူက အများကြီး တွေးခေါ် ဖော်ထုတ်ခဲ့တယ်။ သူက လူသားဆိုတာ ဘာ၊ လူ့တန်ဖိုးဆိုတာ ဘာ စတာတွေကို မိတ်ဆက်တင်ပြခဲ့တယ်။ Kant အတွေးအခေါ်တွေမှာ ၀ိရောဓိ ဖြစ်စရာ တွေ အများကြီးပဲ။ သူက "လူတိုင်းလွတ်လပ်ခွင့် ရှိတယ်။ လူတိုင်း စိတ်ကူးထဲမှာရှိတဲ့အတိုင်း လုပ်ပိုင်ခွင့်ရှိတယ်။ လူတိုင်းကို ဘာလုပ်ခွင့်ရှိတယ်၊ ဘာလုပ်ခွင့် မရှိဘူးဆိုတာတွေကို ပြတ်ပြတ်သားသား သတ်မှတ်ပေးထား သင့်တယ်" စသဖြင့် ဖော်ထုတ်တင်ပြခဲ့တယ်။

    Hacker တစ်ယောက်ဆိုတာ မွေးရာပါ ဖြစ်လာတာ မဟုတ်ဘူး။ လေ့ကျင့်မွေးမြူခဲ့မှ ရနိုင်တယ်။ Hacker တွေက hack ဆိုတာကို ဖန်တီးခဲ့တယ်။ ကွန်ပျူတာ ပရိုဂရမ်မှာ hack လုပ်ဖို့ ပရိုဂရမ်တွေ ပေါ်လာတယ်။ VisiCalc ဆိုတာ hack program တစ်ခုပေါ့။ ဒါပေမယ့် အဲဒါကို ရေးခဲ့တဲ့ programmer က hacker တော့ မဟုတ်ဘူး။ Hacker မှာ ကောင်းတာတွေလုပ်တဲ့ hacker ကောင်းတွေ ရှိသလို၊ မကောင်းတာတွေ လုပ်တဲ့ hacker ဆိုးတွေ ဆိုပြီး ပေါ်လာတယ်။
    Hacker ဆိုတဲ့ စာအုပ်မှာ စာရေးသူ Steven Levy က "Hacker ကိုယ့်ကျင့်တရား" နဲ့ ပတ်သက်ပြီး အတော်လေး ရှည်လျားစွာ ပြောထားတယ်။ သူ့ဖွင့်ဆိုချက်မှာတော့ hacker ဆိုတာ လှည့်စားတတ်တဲ့ သဘော တွေ၊ မဟုတ်တာ လုပ်တဲ့ သဘောတွေ ပါနေတယ်။ ဒါကြောင့်လည်း သူက hacker ကိုယ်ကျင့်တရားဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ သူက hacker ကိုယ်ကျင့်တရားဆိုင်ရာ စံတွေအပြင် hacker ရဲ့ အလှနဲ့ ရသကိုပါ ဖော်ထုတ်ခဲ့တယ်။ ဥပမာ Richard Stallman ဆိုသူက သတင်းအချက်အလက်ကို မခိုးစေချင်ရင် ဗြောင်ဖွင့်ပေး ပေါ့လို့ ပြောခဲ့တယ်။ အမှား အမှန်ဆိုတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်လို့ ဆိုတယ်။ သတင်းအချက်အလက် တွေကို ထိန်ချန်တယ်၊ ဖုံးကွယ်တယ်ဆိုတာ အသုံးမ၀င်တော့ဘူး။ လူဆိုတာ ၀ှက်ထားတာတွေကို ပိုသိချင် တယ်။ ဖုံးထားရင် ဖွင့်ကြည့်ချင်တဲ့ ဗီဇတွေ ရှိနေတော့ လူ့သဘာဝကို နားလည်ဖို့လိုတယ်။
    MIT မှာ hacker တွေ စပေါ်တော့ သူတို့အားလုံး ဘွဲ့ရပညာတတ်တွေ။ အလွန်ဆုံး အသက်တွေက ၂၀ ၀န်းကျင်လေးတွေပေါ့။ ဒီအရွယ်ဆိုတာ ကိုယ်ကျင့်တရားနဲ့ ရသကို အခံစားတတ်ဆုံးနဲ့ ခွဲခြမ်းစိတ်ဖြာပိုင်းဖြတ် နိုင်ဆုံး အရွယ်လို့ ပြောရမယ်။
    ကောင်းတာလုပ်ဖို့၊ မကောင်းတာလုပ်ဖို့ ဆိုတာကလည်း ပညာရေးနဲ့ သက်ဆိုင်သေးတယ်။ အကောင်းအဆိုး အကြောင်းအကျိုး ဆင်ခြင်စဉ်းစား ပိုင်းဖြတ်နိုင်သူတွေသာ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်မှာ ဖြစ်ပါတယ်။ သိသိကြီးနဲ့ မဟုတ်တာလုပ်ရင်ကတော့ ဥပဒေက ချမ်းသာပေးမှာ မဟုတ်ပါဘူး။

        Ref:
        -What is a Hacker?, by Brain Harvey (University of California, Berkeley)
        -Personal computer February 2010 မှ ကူးယူဖော်ပြထားပါသည်။)

ညအလင်္ကာ

 ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာအဓိကကျသော အပိုင်း၊ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာ အလျှောက် အင်တာနက်နဲ့ အီးမေးလ်အသုံးပြုသူတိုင်း မိမိတို့အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထားသင့်ပေသည်။အီးမေလ်း လိပ်စာလေးတစ်ခု ရိုက်ထည့်ပြီး ပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသောအင်တာနက်ပေါ်မှာ ဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway,Server,Backbone, Segment  တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကိုသိထားသင့်တယ်။

    Internet Service Provider (ISP)
    ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခု ထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။

    Email Provider
    မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ - Gmail သုံးတယ်ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။

    Corporate Environment
    တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Documentတွေ အမှားအယွင်းနဲ့ ၀န်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံး အတွက် ထားထားကြတယ်။

     Hotel/Conference Center/Internet Café
     Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက် အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ... ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server /Gateway Router တွေကို တိတိကျကျ လုံခြုံမှု့ မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။

     Housing Provided Connectivity
     condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြားဝင်ဖောက်တာပဲဖြစ်စေ
ဝင်ရောက်နိုင်တယ်။

     College Environment
     College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက် လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်/

      Local Loop Interception
      အကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာသုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင်ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special
hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

     MAN environment
     ယခုအချိန်မှာတော့ MAN တွေကိုပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

     Wireless Network Access Point
     Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်။ ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စသည်တို့လည်းပါဝင်ပါတယ်။

    တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။

   ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။ ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီး ပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

credit : Cyber Citizen

ညအလင်္ကာ



မှတ်ချက်။  ။မိမိကိုယ်ပိုင်ရေးသားချက် မဟုတ်ပါ။ စာရေးသူ  ညအလင်္ကာ အားလေးစားလျှက် ဗဟုသုတ မျှဝေခြင်း ဖြစ်ပါသည်။

No comments:

Post a Comment